International News

ကိုရိုနာအရေး ကိုင်တွယ်ဖြေရှင်းနိုင်ရေး G – 7 အဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရန် ဂျပန်နှင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးသဘောတူခဲ့

Last Updated:

ဂျပန်ဘဏ္ဍာရေးဝန်ကြီး Mr. Taro Aso နှင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Mr. Steven Mnuchin တို့ သည် ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ် ကူးစက်ပြန့်ပွားမှုကို ကိုင်တွယ်ဖြေရှင်းရန် အခြား G-7 အဖွဲ့ဝင် နိုင်ငံများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူခဲ့ကြပါသည်။

Mr. Taro Aso နှင့် Mr. Steven Mnuchin  တို့သည် ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့တွင် ဖုန်းဖြင့် ဆွေးနွေးခဲ့ကြပြီး ကိုရိုနာပြန့်ပွားမှု၏  ငွေကြေးဈေးကွက်များအပေါ် ဂယက်ရိုက်ခတ်မှုများ ကိုစောင့်ကြည့်သွားရန်၊  ကမ္ဘာ့စီးပွားရေးကို ကျဆင်းစေမည့် အန္တရာယ်များမှ ကာကွယ်ကြရန် သင့်လျော်သည့် မူဝါဒလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြပြီး  ဈေးကွက်နှင့် စီးပွားရေး အနေအထားများနှင့်ပတ်သက်၍လည်း နီနီးကပ်ကပ် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြပါသည်။

Mr. Taro Aso ယခုကဲ့သို့ ဂျပန်-အမေရိကန် နှစ်နိုင်ငံမှ ဘဏ္ဍာရေးဝန်ကြီးများ  ဖုန်းဖြင့် ဆောလျင်စွာ ဆက်သွယ်ဆွေးနွေးခဲ့ခြင်းသည် အရေးပါပါကြောင်း၊  G-7 ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ် အကြီးအကဲများအကြား Video Conferencing ဖြင့် ဆွေးနွေးပွဲကို စောစောစီးစီး ကျင်းပရန် ၎င်းက တိုက်တွန်းအဆိုပြုခဲ့ပါကြောင်း သတင်းထောက်များအားပြောကြားခဲ့ပါသည်။ ထို့အပြင် ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့က ကျင်းပခဲ့သည့် G -7 ခေါင်းဆောင်များ၏ Video Conferencing Meeting ကျင်းပခဲ့ပြီးနောက်ပိုင်း ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင်လည်း အဆိုပါနိုင်ငံများမှ ဘဏ္ဍာရေး ဝန်ကြီးများအနေဖြင့် ထိရောက်သည့် လုပ်ငန်းစဉ်များ ချမှတ်ရန် တိုက်တွန်းထားကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

 

Category: International News